မုန်လာဥနီနှင့် ကျန်းမာရေး

ရှမ်းပြည်နယ်ထွက် မုန်လာဥနီကတော့ အသားကျစ်ပြီး အရွယ်အနည်းငယ် ညှပ်ကာ အနံ့၊ အရသာ ပိုမိုစူးရှပြီး “ခါကြက်ဥ” လို့ ခေါ်ကြပါတယ်။
ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ဆေး သုတေသီများ၏ မှတ်တမ်းများအရ၊ မုန်လာဥနီဟာ အသားအရေကို လှပစေခြင်း၊ သွားနှင့် သွားဖုံးများကို ခိုင်ခန့်စေခြင်း၊ အရွယ်တင်နုပျိုစေခြင်း၊ အသည်းကို ကျန်းမာစေကာခန္ဓာကိုယ်တွင်း အဆိပ်အတောက် ပြေစေခြင်း၊ ပြင်ပ ကူးစက် ရောဂါပိုးမွှားများ အန္တရာယ်မှ ကင်းဝေးစေခြင်း၊ အူမကြီးကင်ဆာ မဖြစ်စေနိုင်ခြင်း၊ လေဖြတ်ခြင်းမှ ကာကွယ်ပေးခြင်း၊ သွေးသန့်စေခြင်း စသည်ဖြင့် ကောင်းကျိုးပြုကြောင်း လေ့လာသိရှိရပါတယ်။
မုန်လာဥနီကို ပုံမှန်စားပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲရှိ မကောင်းသော ကိုလက်စထရောများ ကျဆင်းသွားတာကြောင့် နှလုံးသွေးကြောများကို ကောင်းမွန်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် နှလုံး ရောဂါဝေဒနာရှင်များ မုန်လာဥနီကို မဖြစ်မနေ စားပေးသင့်တယ်လို့ နယ်သာလန်နိုင်ငံရှိ ဆေးသုတေသီများက ပြောထားပါတယ်။
မုန်လာဥနီကို အနည်းဆုံး တစ်ပတ်လျှင် နှစ်ကြိမ်စားသောသူဟာ၊ မစားသောသူထက် မျက်စေ့အား ပိုမိုကောင်းစေပြီး မျက်စေ့ ရေတိမ်စွဲခြင်း၊ ကြက်မျက်သင့် ရောဂါဖြစ်ခြင်းတို့မှ ၄၀ ရာခိုင်နှုန်းထိ လျော့ကျစေတယ်လို့ လော့စ်အိန်ဂျလိစ်ရှိ The University of California မှ အကြံပြုထားပါတယ်။
ဒါ့ပြင် မုန်လာဥနီ ပုံမှန်စားခြင်းဖြင့် မျက်လုံးအတွက် ကောင်းယုံသာမက ရင်သားကင်ဆာရောဂါကိုပါ ကာကွယ်ပေးနိုင်ကြောင်း ထပ်လောင်းအကြံပြုထားပါတယ်။ တစ်ပတ်လျှင် မုန်လာဥနီ ခြောက်လုံးထက် ပိုစားသည့်သူများဟာ တစ်လလုံးလျှင် မုန်လာဥနီတစ်လုံးမျှသာ စားသောသူများထက် လေဖြတ်ရောဂါ ဖြစ်ပွားနိုင်ခြေပိုနည်းကြောင်းဟားဗက်တက္ကသိုလ်မှ အမေရိကန်သုတေသီများက အကြံပြုထားပါတယ်။
မုန်လာဥနီကဲ့သို့ အမြစ်မှ ဖြစ်တည်သည့် Beta Carotene ကြွယ်ဝသော လိမ္မော်ရောင်ခြယ် သစ်သီးဥမျိုးကို စားသုံးခြင်းက မှတ်ဉာဏ်အားနည်းခြင်းမှ ကာကွယ်ပေးနိုင်သလို ဦးနှောက်အာရုံကြောစံနစ် အိုမင်းရင့်ရော်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ မုန်လာဥနီကို ဒီအတိုင်း အစိမ်းစားခြင်းထက် အပူပေးချက်ပြုတ်ပြီး စားမှသာအထက်ပါ ကျန်းမာရေး အကျိုးကျေးဇူးများကို အပြည့်အဝရစေမှာဖြစ်ပြီး၊ အချိုဓာတ် အရသာလည်း ပိုထွက်လာမှာပါ။ အော်ဂဲနစ် မုန်လာဥနီကိုသာ ရွေးချယ် ဝယ်ယူနိုင်ရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။
ဒါ့ကြောင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အနေဖြင့် မုန်လာဥနီမှရသော ကျန်းမာရေး အကျိုးကျေးဇူးတွေကို ခံစားရရှိနိုင်ရန်အတွက် မိမိနေ့စဉ် ချက်ပြုတ်စားသောက်နေသော အစားအစာများထဲမှာ မုန်လာဥနီကို အသုံးပြု၍ အကြော်၊ အလှော် ဟင်းလျာစုံဖြစ်စေ၊ မုန်လာဥနီသနပ်ဖြစ်စေ၊ မုန်လာဥနီ ချဉ်ဖတ်ဖြစ်စေ၊ ဟင်းချို၊ စွပ်ပြုတ်ဖြစ်စေ၊ ငါးပိရည်၊ တို့စရာဖြစ်စေ၊ မုန်လာဥနီဖျော်ရည်ဖြစ်စေ မြန်မာ့အစားအစာခံတွင်းတွေ့ကာ စားချင့်စဖွယ်ဖြစ်အောင် စီမံ၍ မုန်လာဥနီကို နေ့စဉ်သုံး အစားအစာအဖြစ် စားသုံးသင့်ပါတယ်။
WHFoods ၏စစ်တမ်းများအရ၊ အာရှတိုက်တွင် မုန်လာဥနီ အစားများသော နိုင်ငံတို့မှာ တရုတ်၊ ဂျပန်၊ ကိုရီးယား ဖြစ်ပါတယ်တဲ့။ ကမ္ဘာပေါ်တွင် မုန်လာဥနီအစား အများဆုံး လူမျိုးတို့ကတော့ အမေရိကန်ဖြစ်ပြီး အမေရိကန်လူမျိုးတစ်ဦးသည် ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် မုန်လာဥနီ ၁၂ပေါင်ခန့် စားသုံးလေ့ရှိတာကြောင့် မုန်လာဥနီဟာ အာလူးပြီးရင် ကမ္ဘာ့ ဒုတိယ ရေပန်း အစားဆုံး ဟင်းသီးဟင်းရွက် ဖြစ်တယ်လို့ဖော်ပြထားပါတယ်။
အဲ့ဒီနိုင်ငံတွေမှာ မုန်လာဥနီကို အသုပ်၊ အပြုတ်၊ အကြော်၊ အလှော်၊ အကင်၊ စွပ်ပြုတ်၊ ဆန်ပြုတ်၊ ပူရီ၊ ထမင်းလိပ်၊ ကင်မ်ချီ၊ တော့ပိုကီ၊ မုန်လာဥနီ croquettes ၊ စပါ(ဂ်)တီ ခေါက်ဆွဲ၊ ဂျပန် cole salw စသည့် ဟင်းလျာတို့ အပြင် ကိတ်မုန့်၊ ကွတ်ကီးစ်၊ pie ကိတ်၊ပူတင်း၊ ယို၊ ရေခဲမုန့်၊ ဖျော်ရည် စားဖွယ်စုံအဖြစ် အမျိုးမျိုး ပုံဖော်စားနေကြပါတယ်။ ဒါ့ကြောင့် ကျွန်မတို့နိုင်ငံမှာလည်း ၁၂ လရာသီစလုံးရရှိနိုင်တဲ့ မုန်လာဥနီကို ကျန်းမားဖို့ စားကြပါစို့ဟု ရေးသားလိုက်ရပါတယ်။
ပေါက်ပေါက်
မြန်မာတောင်သူကြီးများ ဂျာနယ်
မဖြူ မြစ်သားမြို့