ကြိတ်မှန်

ရုက္ခဗေဒအမည်။ ။ Eclipta alba hassk
အခေါ်အဝေါ်။ ။ မြန်မာအမည် ကြိတ်မှန်
ပုံသဏ္ဌာန်
အပင်သည် တစ်နှစ်ခံ ပင်ပျော့ပင်ငယ်မျိုးဖြစ်သည်။ ၁၈ လက်မ ကျော်ထိမြင့်သည်။ ထောင်မတ်၍ ပေါက်သည်။ ခရမ်းညိုရောင်ရှိသော ပင်စည်ရိုးတံပေါ်တွင် သေးငယ် သောအမွေးကြမ်းကလေးများရှိသည်။ အရွက်သည် ရွက်ဆိုင်ထွက်သည်၊၊ရှည်မျောမျော လှံစွပ်ပုံ ဖြစ်သည်။ရွက်ထိပ်ချွန်၍ ရွက်ရင်းသွယ်သည်။ ရွက်ညှာအလွန်တိုသည်။ အရွက်ထက်အောက်မျက်နှာပြင် ၂ခုလုံး တွင် အလွန်သေးငယ် သောအမွေးကြမ်းကလေးများရှိသည်။ ရွက်နားပတ်လည် ခွေးသွားစိပ်ကလေးများရှိသည်။ အပွင့်သည် ပန်းခိုင်ထိပ်တွင်သေးငယ်သော အပွင့်ကလေးများ စုပေါင်းပြီး တစ်ပွင့်တည်းကဲ့သို့ဖြစ်နေ၏။ ပန်းပွင့်ခေါင်းလောင်းပုံသဏ္ဌာန်ဖြစ်၍ အဖြူရောင် သို့ အဝါရောင်ရှိသည်။ ပွင့်ခံ ရွက်ကြီး၍ထင်ရှားသည်။ တပို့တွဲ တပေါင်းလများတွင် ပွင့်သည်။
ပေါက်ရောက်ဒေသ
မြန်မာပြည် နေရာအနှံ့အပြား တွက်ပေါက်သည်။ မိုးများသော အရပ်ဒေသများတွင်ပေါင်းပင်ကဲ့သို့ ပေါက်ရောက်သည်။
အာနိသင်
မြန်မာ့ဆေးကျမ်းများ အလိုအရ ကြိတ်မှန်ရွက်သည်ပူ၏။ လေနာ၊ သလိပ်နာ တို့ကို နိုင်၏။ သွေးကို တက်ကြွစေ၏။ ဆံပင်ကိုနက်၍ သန်စွမ်းစေ၏။ လေသလိပ်သည်းခြေနှင့် ယှဉ်၍ဖြစ်သော အနာမျိုးတို့ကို နိုင်၏။ အသက်ရှည်၏။ မျက်စိရောင်ခြင်းနှင့် အခြားရောင်တင်ခြင်း ကို ပျောက်စေ၏။
အသုံးပြုပုံ
၎င်းအရည်ကို နှစ်စက်ခန့် ကို ပျားရည်နှင့်ရော၍ မွေးစကလေးကိုတိုက်ပါ နှာစေး ချောင်းဆိုးနာကို ပျောက်ကင်းစေသည်။ ဆံပင်နက် ဆိုးဆေးအဖြစ်လည်းသုံး၏။
အရွက် ရည်ကို ချောင်းဆိုး၊ ခေါင်းကိုက်ရောဂါ၊ အသည်းရောင်၊ အဆစ်ရောင်ရောဂါကုဆေး၊ အနာအုံဆေး အဖြစ်အသုံးပြုသည်။ အရွက်ကို အမှုန့်ထောင်၍ နွားနို့ဖြင့် နေ့စဉ်သောက်သုံးခဲ့သော် မျက်စိအမြင်သန်၏။ ဆွံ့အသောသူများ စကားပြောနိုင်၏။ နားပင်းသူများအသံကြားနိုင်၏။ နဲ့သောသွားခိုင်၏။
ကြိတ်မှန်ရွက်နှင့် နှမ်းနက်ကို ဆတူယူ၍ အမှုန့်ပြုပြီး နွားနို့ နှင့် အမြဲ မှီဝဲသော် အနာရောဂါကင်းစင်ပြီး အသက်ရှည်ကာ ဆံပင်နက်လာမည်။
ကြိတ်မှန်ရွက်အား ခေါင်းကိုက်ရောဂါ၊ ထိပ်ပြောင်မွေးကျွတ်ရောဂါ၊ အကျိတ်နာ၊ မီးယပ်ထိမ်ခြင်းနှင့်ကလသားရောဂါတို့တွင် အသုံးပြုကြသည်။
ကြိတ်မှန်ရွက်ရည်နှင့် ပင်စိမ်းရွက်ရည်ရော၍ တစ်နေ့ ၂ ကြိမ် ခန့် မီးလောင်နာပေါ်တွင် လိမ်းပေးသော် ပူလောင်ခြင်းပျောက်၍ အမာရွတ် များလည်းပျောက်ကင်းသည်။
ကျမ်းကိုး။ ။ မြန်မာ့ ဆေးဝါးပင်များ
ကျော်ကြီး