ကျန်းမာသန်စွမ်းသော ဗမာနွားမွေးမြူနည်း

၂၃ ဧပြီ ၂၀၂၀ စိုက်ပျိုးရေးရာ နည်းပညာ
htwettoe

ကျေးဇူးရှင်တောင်သူဦးကြီးတို့အတွက် လယ်ယာမြေထွန်ယက်စိုက်ပျိုးခြင်းမှာ အဓိကပါဝင်ပက်သက်တဲ့ ခိုင်းနွား(ဗမာနွား) တွေကို ဘယ်လိုမျိုး ကြံ့ခိုင်သန်စွမ်းအောင် မွေးမြူရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ 
➤မွေးမြူရေးလုပ်ငန်းအောင်မြင်ရန် 
-မျိုးကောင်းမျိုးသန့်များရွေးချယ်မွေးမြူပါ။ 
-အာဟာရညီညွတ်မျှတစွာ ပါဝင်သော အစားအစာကို လုံလောက်စွာကျွေးမွေးပါ။ 
-စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ပါ။ 
-ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ပါ။ 
-ခိုင်မာသော ဈေးကွက်ရှိပါစေ။ 
 
➤မွေးမြူနည်းစနစ်များ 
(၁) လွှတ်ကျောင်းစနစ် 
(၂) ခြံလှောင်စနစ် 
(၃) လွှတ်ကျောင်းနှင့် ခြံလှောင်ပူးတွဲစနစ် 
 
➤မြေနေရာရွေးချယ်ခြင်း 
-ရေဝပ်ရေကြီးခြင်းမရှိသောနေရာ။ 
-မိုးရေနှင့် အညစ်အကြေးစီးဆင်းမှုလွယ်ကူစေရန် ကုန်းမြင့်သောနေရာ။ 
-လူနေအိမ်နှင့် သီးခြားဖြစ်သောနေရာ။ 
 
➤အဆောက်အဦးလိုအပ်ချက် 
-မည်သည့်စနစ်ကိုကျင့်သုံး၍ မွေးသည်ဖြစ်စေ၊ ခြံအဆောက်အဦးကို ဆောက်လုပ်ပေးပါ။ 
-နွားတစ်ကောင်အတွက် အလျား(၇)ပေ၊ အနံ(၄)ပေ၊ အမြင့်(၈)ပေ အကျယ်အဝန်း ထားရှိပါ။ 
-နွားကောင်ရေများပါက မျက်နှာချင်းဆိုင် (သို့) ဖင်ချင်းဆိုင်၍ အလယ်မှလူသွားရန်အတွက် ၃ပေခန့်အကျယ် လမ်းထားရှိပါ။ 
-နံနက်ခင်း နေရောင်ရရှိနိုင်ရန်နှင့် မွန်းလွဲနေမကျစေရန် ဆောင်ရွက်ပါ။ 
-အပူဒဏ်ခံနိုင်ရန် အမိုးကို ဓနိ/သက်ကယ်မိုးပါ။ 
-နွားတင်းကုပ် လေဝင်လေထွက် ကောင်းပါစေ။ 
-ကြမ်းပြင်သည်ချောမနေရ၊ သန့်ရှင်းမှုပြုလုပ်ရန် လွယ်ကူသော ကြမ်းခင်းဖြစ်ပါစေ။ 
 
➤နွားထီးကျွေးမွေးစောင့်ရှောက်ခြင်း 
နှမ်းဖတ်- ၂၅ကျပ်သား 
မြက်ခြောက်၊ ကောက်ရိုး၊ ပဲမှော်- ၄ပိဿာ 
ဆား- ၁ကျပ်သား 
ရောနှောကျွေးမွေးရန်။ 
 
➤ခိုင်းနွားအထီးတစ်ကောင်အတွက် တစ်နေ့အစာ 
ဆန်ဖွဲနု၅၅ ကျပ်သား 
နှမ်းဖတ်(ဝါ) ပဲဖတ်၅၅ကျပ်သား 
ဆား၃ ၁/၂ ကျပ်သား 
-အလုပ်များသောရာသီတွင် အစာကြမ်းအခြောက်(၅)ပိဿာ အထိကျွေးမွေးရန်။ 
-နွားစာအစိမ်းနှင့် နွားစာအစိုဖြစ်ပါက (၄)ဆမျှကျွေးရမည်ဖြစ်သဖြင့် [(၅)ပိဿာအစား (၂၀) ပိဿာကျွေးရန်။] 
-အစာကို တစ်နေ့လျှင် (၂)ကြိမ်ခွဲကျွေးရန်၊ 
-အလုပ်ခိုင်းပြီး တစ်နေ့ ဖွဲနုတစ်ပြည်စီကျွေးပေးပါက ကိုယ်အလေးချိန်လျော့နည်းခြင်းမရှိပါ။ 
-အလုပ်နည်းသောရာသီတွင် လွှတ်ကျောင်းချိန်ရသဖြင့် မြေပဲဖတ်(ဝါ) နှမ်းဖတ် (၂၇.၅)ကျပ်သား၊ ကောက်ရိုး၊ ပြောင်းရိုးနှင့် နွားစာခြောက်(၃.၃)ပိဿာတို့ကို အစာလျှော့ကျွေးပါ၊ ဖွဲနုကျွေးရန်မလိုပါ။ 
 
➤နွားမကြီးစာ 
နှမ်းဖတ်၂၅% - တစ်နေ့နို့(၄)ပိဿာပေးနွားမအတွက် အစာ(၃)ပိဿာနှုန်းကျွေးရန်။ 
ဖွဲနု၂၅%  
ဆန်ကွဲ၂၃% - စပ်စာတွင် ဆား ဝ.၅ - ၁% ထိထည့်ကျွေးရန်။ 
ပဲခွံ၁၇%  
ပဲဖွဲ (ပဲမှုန့်)၁၀% - အစာကြမ်းကို တစ်နေ့ ၁၁-၁၆ ပိဿာခန့် ကျွေးပေးရန်၊ ရေအလုံအလောက်ထားပေးရန်။           
စုစုပေါင်း၁၀၀% 
 
➤မျိုးစပ်ခြင်း 
သဘာဝသားစပ်နည်းဖြင့်လည်းကောင်း၊ မေထုန်မဲ့သားစပ်နည်းဖြင့်လည်းကောင်း သားစပ်နိုင်ပါသည်။ 
-နွားမဒန်းသားစပ်ရန် အကောင်းဆုံးအချိန်- ၁၅ - ၁၈ လ 
-နွားငယ်လေးများနို့ခွဲခြင်း- အသက်(၆)လမှ (၈)လ 
-နွားထီးသင်းကွပ်ခြင်း- အသက်(၄)ပတ်မှ (၁၂)ပတ် 
-နွားမတစ်ကောင်၏ မြိုင်ကြားကာလ- ၂၁ ရက် 
-နွားမတစ်ကောင်၏ မြိုင်ပေါ်ကာလ- ၃ ရက် 
-နွားမတစ်ကောင်၏ ဇီးကာလ- ၂၈၀ - ၂၈၅ ရက် 
-နွားလေးမွေးပြီး နွားမကြီးအား သားစပ်ရန် 
အကောင်းဆုံးအချိန်- မွေးပြီးရက် (၆၀)ခန့် 
-သားပေါက်ခါနီးရက်(၆၀) အလိုသို့ ရောက်ပါက နွားမအား နို့မညှစ်သင့်ပါ။ 
 
➤သားမွေးစဉ်စောင့်ရှောက်ခြင်း 
-သားမွေးရန် တစ်ပတ်အလိုခန့်မှစ၍ သန့်ရှင်းခြောက်သွေ့သော အခန်းတွင် သီးခြားထားပါ။ 
အစာနု လျှော့ကျွေးပါ။ 
 
➤မွေးဖွားကာနီး နွားမတွင်တွေ့ရသောလက္ခဏာများ 
-အစာစားလိုစိတ်နည်းသွားခြင်း။ 
-လှဲလိုက် ထလိုက် ဂဏှာမငြိမ်ဖြစ်ခြင်း။ 
-အမတန်ဆာ ကြီးလာခြင်း/ အချွဲများကျခြင်း။ 
-နို့အုံတွင် နို့များပြည့်လာခြင်း/ တင်းလာခြင်း။ 
-မကြာခဏအော်ခြင်း / ညှစ်ခြင်း။ 
 
➤မွေးဖွားလာသည့် နွားငယ်ကလေးပြုစုခြင်း 
-နွားငယ်လေး၏ ပါးစပ်၊ နှာခေါင်းတို့တွင်ရှိသော အချွဲများ ဖယ်ရှားပေးပါ။ 
-အသက်မရှုနိုင်ပါက ပါးစပ်အတွင်းသို့ လေမှုတ်သွင်းပေးပါ။ 
-ချက်ကြိုးအလွန်ရှည်ပါက အရက်ပျံစိမ်ထားသော ကြိုးဖြင့် ချက်ကြိုးအရင်းမှ (၃)လက်မခန့်ခွာ၍ချည်ပြီး ဖြတ်ပေးပါ။ တင်ချာအိုင်အိုဒင်း သုတ်ပေးပါ။ 
-ရေမွှာပေါက်ပြီး သားမမွေး နိုင်လျှင်လည်းကောင်း၊ သားမွေးပြီး (၂၄)နာရီကျော်သည်အထိ အချင်းမကျသေးလျှင်လည်းကောင်း တိရစ္ဆာန်ဆေးကုဆရာဝန်ထံ အကူအညီတောင်းခံပါ။ 
 
➤နွားငယ်မွေးမြူစောင့်ရှောက်ခြင်း 
-နွားလေးမွေးပြီး (၇၂)နာရီအတွင်း နို့ဦးရည်ကို သောက်စို့စေရန်။ 
-နွားကလေး၏ ကိုယ်အလေးချိန်(၁၀)ပိဿာလျှင် နို့တစ်ပိဿာ နှုန်းနှင့်မှန်း၍ တိုက်ကျွေးရန်။ 
-အသက်(၂)လကျော်ပါက ဖွဲနု ၃၄%၊ နှမ်းဖတ် ပဲဖတ်မှုန့် ၃၀%၊ ဆန်ကွဲ(သို့) ပြောင်းမှုန့် ၃၀%၊ ဆား ၁%၊ ခရုမှုန့် ၅% အစာနု စပ်၍နံနက်(၂၅)ကျပ်သား၊ ည (၂၅)ကျပ်သား ကျွေးမွေးပေးရန်။ 
-နို့တစ်ဝက်လျှော့တိုက်ရန်။ 
-မြက်စိမ်းကို တစ်နေ့လျှင် (၂၅)ကျပ်သားခန့်ကျွေးရန်။ 
 
Ref: စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန 
 ထွက်တိုး 

စောဝင်းရွှေ

၂၂ ဖေဖော်ဝါရီ ၂၀၂၂၀၂:၄၃ ညနေပိုင်းကြိုက်တယ်