ပီလောပီနံကို ဘယ်လို စိုက်ပျိုးသင့်လဲ

၂၁ အောက်တိုဘာ ၂၀၁၉ သတင်း
htwettoe

ပီလောပီနံသည် အမြစ်ဥ အမျိုးအစား ဖြစ်၏။ ပူအိုက်စွတ်စိုသော ရာသီဥတုကို နှစ်သက်၏။ အထူးသဖြင့် ပွသော မြေမျိုးကို ပို၍ နှစ်သက်၏။ သဲနှုန်းမြေ ၊ နှုန်းမြေများ ၊ ကုန်းမြင့်ဒေသများ၊ ကျောက်စရစ်ဆန်သော မြေများအထိ စိုက်ပျိုးနိုင်၏။ မြေစေး ၊ မြေကျစ်များကို မူ မကြိုက်ပေ။ပီလောပီနံတွင် အမေရိကန် ပီလောပီနံ နှင့် မြန်မာပီလောပီနံ ဟူ၍ နှစ်မျိုးရှိသည်။ အမေရိကန်မျိုးသည် ဥအထွက် ကောင်းမွန်ပြီး သိပ်လည်း မစေးပေ။ မြန်မာမျိုးကမူ စေးပိုင်ပြီး ရင့်လွန်းပါက တောက်တတ်သည်။ပီလောပီနံ စိုက်မည်ဆိုပါက စိုက်ပျိုးမည့်မြေကို ဦးစွာ မီးရှို့ ရှင်းလင်းပြီး ထယ်တစ်စပ် နှစ်စပ် ၊ ထွန်တစ်စပ် နှစ်စပ် ဝင်ပေးရပါသည်။ မြေသား ညက်သည့်အခါ စိုက်ဘောင်များ ပြုလုပ်ရပါသည်။ ဘောင်များကို ဖော်သောအခါ တစ်ဘောင်နှင့်တစ်ဘောင် လေးပေခန့်ခြား၍ ဖော်ပေးရပါသည်။ ဘောင်တစ်ခုနှင့် တစ်ခုကိုလည်း လူသွားလမ်း ၂ ပေခန့်ချန်ပေးရသည်။ ဘောင်များ ပြုလုပ်ပြီးပါက ဥ ဖော်သော အချိန်တွင် ကျန်ခဲ့သော အပင်များကို တစ်ကိုင်းလျှင် ၈ လက်မမှ ၁၂ လက်မခန့်ဖြတ်ပြီး မျိုးကိုင်းရယူရသည်။ စိုက်မည်ဆိုလျှင် မျိုးကိုင်းတစ်ကိုင်းနှင့် တစ်ကိုင်းကို ၁ ပေခန့်ခွာ၍ ခပ်စောင်းစောင်းကလေး ထိုးစိုက်ပေးရသည်။မြေဘောင်များ ပြုပြင်ပြီးချိန်ဝယ် မြေသြဇာများကို ထည့်သွင်း ရသည်။ ဘောင်ပေါ်တွင် ပေါင်းမြက်များ ရှိနေက ရှင်းပေး ရသည်။ ရေကို လိုအပ်သလောက် လောင်းပေးရသည်။ ရေသွင်းပေးရသည်။ စိုက်ပျိုးပြီး ၈ လမှ ၁၀ လခန့် ကြာသောအခါ အပင်သည် ၆ ပေခန့်အထိ မြင့်လာ လိမ့်မည်။ ထိုအရွယ်သည် ဥဖော်နိုင်သည့် အနေအထား ဖြစ်ပေသည်။အပင်ရှိ အရွက်များ ဝါစပြုလာသောအခါ မြေကြီးထဲရှိ ဥများ ရင့်မှည့်လာပြီး ဖြစ်သည့်အတွက် တူးဖော်နိုင်ပါပြီ။ စိုက်ပျိုးသည့်မြေသည် ပွရွနေပါက ဥထိုးလွယ်၏။ ဥ အရွယ်မှာလည်း ကြီးထွား၏။ ဥဖော်ရသည်မှာလည်း လွယ်ကူချော မွေ့၏။ပီလောပီနံဥကို ပြုတ်၍ သော်လည်းကောင်း ၊ ဟင်းချက်၍ သော်လညိးကောင်း စားလေ့ရှိကြ၏။ ပီလောပီနံဥသည် တောက်တတ်သည့်အတွက် ပြုတ်ပါက အဆိပ်အတောက်ပြေစေရန် ကန်စွန်းရွက် အနည်းငယ်ထည့်၍ ပြုတ်သင့်၏။ အချို့ကလည်း ပီလောပီနံဥ အစိမ်းကို ဂျစ်ထိုးကာ ပေါင်း၍ ပီလောပီနံ ပြန်ပေါင်း အဖြစ် စားသောက်ကြ၏။ ပီလောပီနံ စားသုံးပါက ပဲကိုလည်းကောင်း အချဉ်ကိုလည်းကောင်း ရှောင်သင့်၏။ ပီလောပီနံသည် ကော်မှုန့်ကို ထုတ်လုပ်ပေးနိုင်၏။ သည့်အတွက် စီးပွားဖြစ် စိုက်ပျိုးသင့်ပေသည်။ပီလောပီနံ၏ မူရင်းဒေသမှာ တောင်အမေရိကတိုက်ရှိ ဘရာဇီးနိုင်ငံမှဖြစ်သည်။ မျိုးရင်းမှာ (Eupborhiaceae) ဖစ်ပြီး ရုက္ခဗေဒ အမည်မှာ (Manihot utilisaima) ဖြစ်၏။အင်္ဂလိပ်အမည်မှာမူ (Tapioca or Cassava)ဖြစ်သည်။

ukyi Myint Khaing

၂၉ ဇန်နဝါရီ ၂၀၂၀၀၆:၁၅ မနက်ပိုင်းကြိုက်တယ်