ထန်းရည်မှ ဝိုင်ထုတ်လုပ်ခြင်းသင်တန်း မည်သူမဆိုတက်ရောက်နိုင်
၂၆ အောက်တိုဘာ ၂၀၁၉ သတင်း

ထန်းပင်ကထွက်ရှိသည့် ထန်းရည်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်လိုသူများအား ထန်းရည်ဝိုင်များထုတ်လုပ်နိုင်ရန် နည်းပညာအကူအညီများပေးလျက်ရှိရာ စိတ်ဝင်စားသူမည်သူမဆို တက်ရောက်နိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင်က ပြောသည်။“ထန်းနဲ့ပတ်သက်ပြီး သီးသန့်သင်တန်းပေးတာတော့ မရှိသေးဘူး။ ကျွန်တော်တို့နိုင်ငံမှာ ထန်းက ဒီလောက်မရှားဘူး။ ထန်းပင်တွေက အများကြီးရှိတယ်။ အညာမှာဆိုလည်း တောင်ယာတွေထဲမှာ ထန်းပင်တွေက အများကြီးရှိတော့ ထန်းနဲ့ပက်သက်ပြီး အဓိကပြဿနာက ထန်းတက်သမား ပြဿနာရှိတယ်။
အခုက ထန်းဝိုင်ရော၊ နဂါးမောက်သီးဝိုင်ရော စသဖြင့် ဝိုင်ပြုလုပ်နည်းပညာသင်တန်းတွေ ပေးနေပါတယ်”ဟု ဦးခွန်အေးနိုင်က ပြောသည်။ ထန်းပင်သည် တစ်ပင်လုံး အသုံးဝင်သည့် အပင်မျိုးဖြစ်ပြီး ထန်းပင်အရေအတွက် များစွာရှိနေသော်လည်း ထန်းတက်သမားရှားပါးခြင်း ပြဿနာများ ရှိနေကာ ထန်းလျက်ချက်လုပ်မှု လုပ်ငန်းများ လျော့နည်းလာလျက်ရှိကြောင်း၊ သို့သော် လက်ရှိတွင် ထန်းနှင့်ပတ်သက်၍ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်လာလျက်ရှိရာ ထန်းရည်မှ သကြားအဖြစ်သို့မကြာသေးမီအချိန်က စတင်ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း၊ အဆိုပါသကြားများတွင် ထူးခြားချက်များရှိကြောင်း၊ဆီးချိုဖြစ်စေသည့်ဓာတ်များ နည်းပါးကြောင်း၊ ပရိုတိန်း ဓာတ်များ ပါဝင်ကြောင်း၊ ဈေးကောင်းရကြောင်း၊ ထန်းရည်မှ ထန်းရည်ဝိုင်အဖြစ်သို့လည်း ပြောင်းလဲထုတ်လုပ်လိုသူများ အနေဖြင့် မည်သူမဆို စိတ်ဝင်စားပါက အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက စီစဉ်ဆောင်ရွက်၍ နည်းပညာပေးသင်တန်းများ ပို့ချပေးလျက်ရှိကြောင်း သိရသည်။ “ဆရာတို့အနေနဲ့ကတော့ ထန်းရည်ရယ်လို့တော့မဟုတ်ဘူး။
ဝိုင်ချက်မယ်ဆိုရင် ဝိုင်ချက်တဲ့သင်တန်းပေးတယ်။ ဆရာတို့ဌာနက ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှာ ရုံးတွေရှိတယ်။ ဒီရုံးတွေကနေပြီးတော့ အခါအားလျော်စွာ သင်တန်းပေးမယ်။ စိတ်ဝင်စားရင် ဆရာတို့ဌာနကို တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါတယ်။ ဝိုင်လုပ်တဲ့လုပ်ငန်းက တော်တော်ကြာပြီး တချို့ဆိုရင် တော်တော်အောင်မြင်တဲ့ ဝိုင်လုပ်ငန်းရှင်တွေ ဖြစ်နေပြီ။ ထန်းရယ်လို့တော့ သီးသန့်ပေးတာ မဟုတ်ဘူး။ ဝိုင်ဆိုရင် အားလုံးအတူတူပဲ။ သင်တန်းမှာလာတက်ရင် ထန်းဆိုရင်ဒီလိုချက်တယ်။ တခြားသီးနှံဆိုရင် ဒီလိုချက်တယ်ပေါ့။ ဝိုင်ချက်နည်းသင်တန်းထဲမှာပဲ အကုန်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။ လက်ရှိတွင် ထန်းလျက်ချက်လုပ်ခြင်း၊ သကြားထုတ်လုပ်ခြင်းတို့အပြင် ထန်းရည်သည် တစ်နေ့သာအထားခံပြီး သဘာဝအရသာ ပျက်စီးသဖြင့် နည်းပညာထပ် ပေါင်းစပ်၍ ရေရှည်အထားခံသော ဝိုင်အဖြစ် ပြောင်လဲထုတ်လုပ်နိုင်ပါက တန်ဖိုးမြှင့်ထုတ်ကုန်များ ဖြစ်လာမည်ဖြစ်ရာ ထန်းတက်သမားများအတွက်လည်းယခင်ကထက် ဝင်ငွေပိုမိုရရှိလာနိုင်ကြောင်း သိရသည်။
မြင့်ဇော်ထွန်း
မြန်မာတောင်သူကြီးများ ဂျာနယ်
Nai Kop