ဘန်ကောက်မြို့က အာရှအကြီးဆုံး ခေါင်မိုးစိုက်ခင်း

၂၃ ဒီဇင်ဘာ ၂၀၁၉ သတင်း
htwettoe

#HtwetToeNews 



ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နိုင်ငံ၏ ဒုတိယသက်တမ်းအရင့်ဆုံး ဓမ္မသတ်တက္ကသိုလ်တွင် လူသိများထင်ရှားစရာအကြောင်းအရာသစ်တစ်ခု ပေါ်ထွန်းလာပါသည်။ ၎င်းမှာ အာရှတိုက်၏ အကြီးဆုံး ခေါင်မိုးစိုက်ခင်းတစ်ခု ထူထောင်လိုက်ခြင်းပင်။စတုန်ရန်းမီတာ ၇၀၀၀ ကျယ်ဝန်းသော အမိုးနေရာလွတ်ပေါ်တွင် နိုင်ငံမြောက်ခြမ်းရှိ လှေကားထစ်စပါးခင်းများအလား တုပစိုက်ပျိုးထားပြီး ၎င်းမှာ ရာသီဥတုပြောင်းလဲမှု ဆိုးကျိုးအချို့ကို သက်သာစေမည်ဟု စီမံကိန်းနောက်ကွယ်မှ ဗိသုကာပညာရှင်Kotchakorn Voraakhom က ပြောသည်။ “အဆောက်အအုံတွေနဲ့ အခင်းစိမ်းတွေကို သတ်သတ်စီခွဲထားမလို့ စိတ်ကူးခဲ့တာပါ။ ဒါပေမယ့် ဘန်ကောက်လိုနေရာမှာအခင်းစိမ်းနေရာလွတ်တွေ အနည်းငယ်သာရှိတာကြောင့် အဆောက်အအုံထဲမှာဒီဇိုင်းထည့်ဆွဲလိုက်တာပါ”ဟု Landprocess လုပ်ငန်း၏ အမှုဆောင်ချုပ်လည်းဖြစ်၊ တည်ထောင်သူလည်းဖြစ်သူ Ms Kotchakorn က ပြောသည်။ 


“ခေါင်မိုးတွေကို အကျိုးရှိအောင် အသုံးချတာ နည်းပါတယ်။ ဒါပေမယ့် သူတို့ကို အစိမ်းရောင်စိုက်ခင်းတွေ ပြုလုပ်ပြီးမြို့ပြအပူချိန်မြင့်တက်မှုပြဿနာ၊ ဆောက်လုပ်ရေးနဲ့ မြေအသုံးချမှုပြဿနာကြောင့် ဖြစ်ပေါ်တဲ့ ပတ်ဝန်းကျင်ထိခိုက်မှုတို့ကိုလျှော့ချနိုင်ပြီး လူတွေအတွက်လည်း အစားအစာထုတ်လုပ်ပေးပြီးသား ဖြစ်ပါတယ်”ဟု ခေါင်မိုးစိုက်ခင်းဖွင့်လှစ်မှု မစတင်မီအင်္ဂါနေ့က ပြောခဲ့သည်။



ကျောက်ဖယားမြစ်၏ ရေဖုံးလွှမ်းဒေသတွင် ကျရောက်နေသော ဘန်ကောက်မြို့သည် နှစ်စဉ် တစ်စင်တီမီတာထက်ပို၍ရေနစ်မြုပ်လာပြီး လာမည့်နှစ်များတွင် ပြင်းထန်သော ရာသီဥတုဘေးများ အဆိုးဆုံးထိခိုက်ခံရမည့် မြို့ပြတစ်ခု ဖြစ်လာမည်ဟု ရာသီဥတုပညာရှင်များက ခန့်မှန်းထားသည်။၂၀၃၀ ပြည့်နှစ်ရောက်လျှင် မိုးများပို၍သည်းထန်လာခြင်းကြောင့် နှစ်စဉ်ဘန်ကောက်မြို့၏ ၄၀ ရာခိုင်နှုန်း ရေနစ်မြုပ်မည်ဟု ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်များတွင် ဖော်ပြသည်။နှစ်စဉ် မုတ်သုံရာသီရောက်တိုင်းလည်း ဘန်ကောက်မြို့ နေရာများစွာ၌ ရေကြီးရေလျှံမှု အမြဲလိုလို ကြုံတွေ့နေရသည်။၂၀၁၁ ခုနှစ်တွင် မိုးသည်းထန်ခဲ့ခြင်းကြောင့်ဆယ်စုနှစ်များစွာအတွင်း အဆိုးဆုံး ရေကြီးမှုကြုံခဲ့ရကာ ဘန်ကောက်မြို့၏ ငါးပုံတစ်ပုံရေနစ်မြုပ်ခဲ့ရသည်။ထိုသဘာဝဘေးဆိုး ကြုံခဲ့ရပြီးနောက်ပိုင်း Ms Kotchakorn က ရာသီဥတုဒဏ်ခံနိုင်မည့် အစိမ်းရောင် စိုက်ခင်းများ ဖန်တီးရေးစတင်စဉ်းစားခဲ့ခြင်းဖြစ်သည်။


 မကြာသေးမီကလည်း ဘန်ကောက်မြို့၊ ချူလာလောင်ကန်တက္ကသိုလ်တွင်မိုးရေ ဂါလန်တစ်သန်းအထိ ထိန်းထားနိုင်သော လေးဟက်တာ အကျယ်ရှိ ပန်းခြံတစ်ခုကို Ms Kotchakorn က ဒီဇိုင်းရေးဆွဲခဲ့သည်။ ဘန်ကောက်မြို့လယ်နှင့် ကီလိုမီတာ ၄၀ ကွာဝေးသော ရန်စစ်မြို့နယ်၊ ဓမ္မသတ်တက္ကသိုလ်ရှိ ခေါင်မိုးစိုက်ခင်းတွင် စပါး၊ ဟင်းသီးဟင်းရွက်၊ ပရဆေးပင် စိုက်ပျိုးလိုသည့်မည်သူ့ကိုမဆို ကြိုဆိုကြောင်း တက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ် Prinya Thaewanarumitkul က ပြောသည်။“ထိုင်းနိုင်ငံဟာ စိုက်ပျိုးရေး လူ့အဖွဲ့အစည်းတစ်ခုပါ။ ဒါပေမယ့် မြို့ကြီးတွေကတော့ အစားအစာထုတ်လုပ်တဲ့ဆီနဲ့ အင်မတန်ကွာဝေးပါတယ်။



အခုလို ခေါင်မိုး စိုက်ခင်းတွေ ရှိလာတာဟာ မြို့ပြရဲ့ အစားအစာဖူလုံမှုကိုပါ မြင့်တက်စေပါတယ်“ဟု ၎င်းက ပြောသည်။၂၀၅၀ပြည့်နှစ်ရောက်သည့်အခါ ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံမှာ မြို့ပြတွင် နေထိုင်ကြလိမ့်မည်ဟု ကုလသမဂ္ဂကခန့်မှန်းထားသဖြင့်မြို့ပြစိုက်ပျိုးရေး လုပ်ငန်းမှာ အလွန်အရေးပါလာမည်ဖြစ်သည်။ မြို့ပြစိုက်ခင်းများသည် မြို့နေပြည်သူများအတွက် လုံလောက်သည့် ဟင်းသီးဟင်းရွက်များကို ပံ့ပိုးပေးနိုင်ဖွယ် ရှိသည့် အပြင် ကုန်စိမ်းများ သယ်ယူပို့ဆောင်ရာမှ ဖြစ်ပေါ်သော အစားအစာလေလွင့်မှုနှင့် ဓာတ်ငွေ့ဆိုးထုတ်လွှတ်မှုတို့ကို လျှော့ချနိုင်လိမ့်မည်ဟု ယခင်နှစ်ထုတ် လေ့လာမှုတစ်ခုက ဖော်ပြသည်။ 


ပါရီမှသည် စင်ကာပူအထိ မြို့ကြီးများတွင် နေရာလွတ်တန်ဖိုး အလွန်မြင့်မားလာသဖြင့် ကုန်တိုက်ကြီးများ၊ ခန်းမကြီးများ၏အပေါ်တွင် စိုက်ခင်းများ ထည့်သွင်းလာကြသည်။ ရာသီဥတုပြောင်းလဲမှု အန္တရာယ်မြင့်တက်လာသည်နှင့်အမျှ ခေါင်မိုး စိုက်ပျိုးရေးလုပ်ငန်းမှာ အထူးတဆန်း ဖြစ်တော့မည်မဟုတ်ကြောင်း ယခင်လ Time မဂ္ဂဇင်း၏ တက်သစ်စထူးချွန်ပုဂ္ဂိုလ်တစ်ရာ စာရင်းတွင် ထည့်သွင်းဖော်ပြခြင်းခံရသူ Ms Kotchakorn က ပြောသည်။ “မြို့ကြီးတွေမှာ စိုက်ခင်းစိမ်းတွေ အသစ်ဖန်တီးဖို့ နေရာလွတ် နည်းပါတယ်။ ဒီတော့ ခေါင်မိုးစိုက်ပျိုးမှုဟာ လွယ်ကူထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်လာပြီးဒါကို စံတစ်ခုအနေနဲ့သတ်မှတ်သင့်ပါတယ်”ဟု ၎င်းက ပြောသည်။


 Bangkok Postဘာသာပြန် - ဝေယံဟိန်း(B.Ag)
မြန်မာတောင်သူကြီးများ ဂျာနယ်