မန်ကျည်းပင်များ ရှင်သန်ပွားများပါစေ

ဟိုစဉ်က သင်္ကြန်ကျလျှင် မန်ကျည်းရွက်သုပ် စားခဲ့ကြရသည်ကို ပြန်လည်အမှတ်ရသည်။ အညာနွေပူပူတွင် ပဲကြီးချက်နှင့် ရောနယ်ထားသော မန်ကျည်းရွက်နုသုပ်မှာ ယခုတော့ စားတော်ပဲပြုတ်နှင့် သုပ်စားနေရသည်။ မန်ကျည်းတစ်ပင်လုံးမှာ အသုံးဝင်သည်။ အရွက်၊ အသီး၊ အပွင့်၊ နောက်ဆုံး မန်ကျည်းသစ်သားပင် ခွဲခြမ်းစိတ်ဖြာ၍ရသည်။ မန်ကျည်းရွက်ချဉ်ရည်၊ မန်ကျည်းရွက်ထောင်း၊ မန်ကျည်းသီးအနုထောင်း၊ မန်ကျည်းမှည့်ဖျော်ရည်လုပ်ပြီး သောက်နိုင်သေး။ တိုင်းရင်းဆေးအဖြစ်လည်း မန်ကျည်းသီးမှည့်ပျစ်ပျစ်ကို ခန္ဓာကိုယ်လိမ်းပေးခြင်းဖြင့် အပူကင်းသည်ဟု ဆိုသည်။
အညာနှင့် မြေလတ်တွင် ကြီးမားလှသော မန်ကျည်းပင်၏ အောက်ခြေတွင် ကွပ်ပျစ်ရိုက်ပြီး နေထိုင်လဲလျောင်း နားနေလိုက်ရလျှင် နွေအခါ၌ အေးမြနေသည်။ စာဆိုက “နွေထနောင်း၊ဆောင်းမန်းကျည်း”ဟု ပြောထားသည်။ ရန်ကုန်တွင် လူဦးရေကလည်းများ၊ စားစရာလိုအပ်ချက်ကလည်း ရှိသည်မို့ မန်ကျည်းရွက်ကို အညာမှာလို မန်ကျည်းပင်မြင့်များပေါ်တက်၍ ခူးစရာမလိုဘဲ မန်ကျည်းရွက်ကို ခေါင်းငုံ့ခူးယူရသော ခြံစည်းရိုးစနစ်နှင့်စိုက်ထားကြသဖြင့် တစ်နှစ်လုံး မန်ကျည်းရွက်နု စားရသည်။ ဈေးကတော့ပေါ်ချိန်မဟုတ်လျှင် ဈေးကြီးသည်။ ဤစနစ်ဖြင့် ဆူးပုပ်၊ကင်ပွန်းချဉ်၊ ခွေးတောက်ပင်လည်း စိုက်ကြသည်။ ကျွန်တော် ရေဆင်း စိုက်ပျိုးရေးသုတေသန ရောက်စဉ်က ဝန်ထမ်းများ၏အိမ်တိုင်း မန်ကျည်းပင်ခြံစည်းရိုး စိုက်သည်။ မန်ကျည်းစေ့ကိုလည်း လွှင့်မပစ်ကြဘဲ လှော်စားကြသည်။
မန်ကျည်းစေ့မှ ကော်ထုတ်လုပ်၍ရသည်။ ဆေးဖော်ကြသည်။ ကနခိုဆေးဖော်သည်။ ယခုအခါ မန်ကျည်းပင်များသည် ခုတ်လှဲခံနေရသည်။ ဤမျှလူတို့ကို အကျိုးပြုနေသော မန်ကျည်းပင်များ ခုတ်လှဲခံရသည်မှာ အသားမာသော မန်ကျည်းပင်ကို စဉ်းတီတုံးလုပ်ရန်လည်းမဟုတ်၊ ထွန်သွားလုပ်ရန်လည်းမဟုတ်၊ အသားကိုကြိတ်၍ အမှုန့်လုပ်ပြီး အမွှေးတိုင်လုပ်ငန်းတွင် သုံးကြသည်ဟု ပခုက္ကူ၊ရေစကြိုတစ်ဝိုက်မှ ကြားရသည်။လုပ်လိုက်ကြသည်ကဖြင့် ရေရှည်အတွက် မဟုတ်ဘဲ စားစရာပေး၊ အရိပ်ပေးသည့် မန်ကျည်းပင်ကို တစ်မနက်နှင့် လှဲကြ၊ ခွဲကြ၊ဖြတ်ကြ၊တောက်ကြ၊ အမှုန့်ကြိတ်ကြတော့သည်။ မန်ကျည်းသီးပေါ်ချိန်ဆိုပါက အညာသူ၊ အညာသားများ အလုပ်ကိုယ်စီရှိလာသည်။ အပင်ပေါ်တက် မန်ကျည်းသီးခူးသော ယောကျ်ားသားများကို တစ်နေ့ ကျပ် ငါးထောင်နှင့် ထမင်းကျွေးရသေးသည်။
မန်ကျည်းသီးကောက်သူက ကျပ်နှစ်ထောင်ရသည်။ မန်ကျည်းသီးထုခွဲသူလည်း ငှားရသည်။ မိန်းမသားများက မန်ကျည်းသီးအပေါ်ယံအခွံခွာပြီး အသားသီးသန့်ရရန်၊ အစေ့သီးသန့်ရရန် ထုခွဲရသည်။ တစ်ပိဿာကျပ် ၅၀ ဖြင့် ထုခွဲသောသူတစ်ဦးသည်တစ်ရက် ပိဿာ ၃၀ ခန့် လုပ်ကိုင်နိုင်၍ ငွေကျပ် ၁၅၀၀ ၊ ကျပ် ၂၀၀၀ ရသည်ကို မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်၊ ရမည်းသင်းဘက်တွင် တွေ့ရသည်။ မန်ကျည်းသီးအခွံခွာ၊ အစေ့ဖယ်၊ အသားထုတ်သည်ကို “အကြောဆွဲလုပ်ငန်း”ဟု ဒေသခေါ်ကြသည်။
ဤဒေသတစ်ဝိုက်တွင် ပြာသိုလမှ တန်ခူးလအထိ မန်ကျည်းသီးအမှည့်လုပ်ငန်းမှာ မပြတ်လုပ်ကိုင်ရသော ဝင်ငွေရလုပ်ငန်းဖြစ်သည်။ မန်ကျည်းသီးဈေးကွက်သည် ပြည်တွင်းသာမက တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ဝယ်ယူမှုရှိသည်။ မန်ကျည်းသီးစိမ်းအနုကို ထောင်းစားကြသည်။ မန်ကျည်းသီးမမှည့်တမှည့်ကို ကြက်ဆူသီးဟုခေါ်ကြသည်။မန်ကျည်းကြက်ဆူကို ငါးနှင့်တွဲဖက်၍ ဟင်းချက်စားသည်။ မန်ကျည်းအသစ်သည် တပေါင်းလမှစ၍ ပေါ်သည်။ မန်ကျည်းသီးပေါ်စနှင့် နောက်ပိုင်းအောက်တိုဘာကာလ ဈေးနှုန်းသည် ဝယ်ယူသည့်ဈေးကွက် ရှိမှု၊ မရှိမှုအပေါ် တည်နေသည်။ အစေ့ပါမန်ကျည်းနှင့် အစေ့လွတ်ထုတ်ပြီး မန်ကျည်းမှည့်ဈေးများအရ ဈေးကွာခြားသည်။ အစေ့မပါလျှင် ဈေးပိုရ၍ တစ်ခါတစ်ရံ တစ်ပိဿာဝယ်ရောင်းဈေးမှာ ကြောက်ခမန်းလိလိ မြင့်လှသည်။
ယခုအခါ မန်ကျည်းစေ့ကိုပင် ပြည်ပနိုင်ငံများက ဝယ်ယူနေပြီး တကယ်တော့ မန်ကျည်းစေ့သည် သွေးဝမ်းကိုက်၊ လိပ်ခေါင်းသွေးကျ၊ ဆီးလွန်ရောဂါများနှင့် အနာအဆိပ် ပြေစေသဖြင့် ဆေးသုံးအစေ့ဖြစ်ပါသည်။ “နွေထနောင်း၊ ဆောင်းမန်ကျည်း”မှာ နွေရာသီတွင် ထနောင်းပင်ရွက်နုစိမ်းစိမ်းထွက်စဖြစ်စေ၊ ရွက်ကြမ်းစိမ်းစိမ်းထွက်ချိန်ဖြစ်စေ အပင်အောက်ဝင်လိုက်ပါက အေးသည်။ ဆောင်းမှာ မန်ကျည်းပင်အောက်ဝင်လျှင်လည်း နေ့လယ်ပိုင်းပူချိန်၌အေးသော အရိပ်ပေးသည်။ ဤသို့မဟုတ်လျှင် နွေကာလပူပြင်းချိန်၌ ထနောင်းရွက်ပြုတ်စားလျှင် ဝမ်းတွင်းအေး၍ ဆောင်းကာလမန်ကျည်းသီးအနှစ်စားလျှင် ချောင်းဆိုး၊ အပူကန်ရောဂါ ပျောက်သဖြင့် ခေါ်ကြသည်လား။ သစ်တော၊ သစ်ပင်ကြီးများအန္တရာယ်ရှိနေသော ကာလတွင် မန်ကျည်းပင်လည်းပါနေပြီ။ တစ်ပင်လုံးအသုံးဝင်သော မန်ကျည်းပင်များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြပါစို့။
ကိုရဲ(စိုက်ပျိုးရေး)မြန်မာတောင်သူကြီးများ ဂျာနယ်
sayar. lwin