ကြက်သားကို ပြည်ပက ဝယ်ယူရန် ကမ်းလှမ်းထားသော်လည်း တင်ပို့ရောင်းချနိုင်ခြင်း မရှိသေး

မြန်မာနိုင်ငံက ကြက်သားကို ဂျပန်နိုင်ငံ အပါအဝင် ပြည်ပနိုင်ငံအချို့က ဝယ်ယူရန်ကမ်းလှမ်းမှုများရှိသော်လည်း ခေတ်မီနည်းစနစ်ဖြင့် မွေးမြူထုတ်လုပ်နိုင်ခြင်းမရှိသေးသောကြောင့် တင်ပို့နိုင်ခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံ ကြက်၊ ဘဲ မွေးမြူထုတ်လုပ်ရောင်းချသူများ အသင်းထံမှ သိရသည်။“ကမ်းလှမ်းတဲ့အခါ သူတို့လိုချင်တဲ့ဟာမျိုး ထုတ်လုပ်ပေးနိုင်မှ ဝယ်မှာပါ။ဒါပေမယ့်သိပ်တော့မလွယ်သေးဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဆီမှာ နည်းပညာရော၊ ထုတ်လုပ်မှုပိုင်းပါ ကုန်ကျမှုစရိတ်တွေက ထိုင်းနိုင်ငံနဲ့ မယှဉ်နိုင်ဘူး။ ဗီယက်နမ်နဲ့လည်း မယှဉ်နိုင်ဘူး။ ကျွန်တော်တို့က ဈေးကွက်မှာယှဉ်ပြိုင်ပြီး မပေးနိုင်ဘူး။ ထုတ်လုပ်မှုပိုင်းမှာ ကုန်ကျစရိတ်က များနေတယ်” ဟု မြန်မာနိုင်ငံ ကြက်၊ ဘဲမွေးမြူထုတ်လုပ်ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးသိန်းမြင့်က ပြောသည်။
လွန်ခဲ့သည့် ကိုးလအတွင်းက ဈေးကွက်အတွင်း၌ ကြက်သားဈေးနှုန်းပေါက်ဈေး ကျပ်၂၇၀၀ ဝန်းကျင်သာရှိနေခြင်းကြောင့် ကြက်မွေးမြူရေးလုပ်ငန်းရှင်များ ရပ်တည်ရန် ခက်ခဲနေပြီး ကြက်သားထုတ်လုပ်မှု၊ကြက်ဥထုတ်လုပ်မှု၊ ကြက်အစာထုတ်လုပ်မှုနှင့် ဆက်စပ်နေသောလုပ်ငန်းများလည်း ထိခိုက်လာကြောင်း သိရသည်။ပြည်တွင်း၌ ကြက်သားထုတ်လုပ်မှုပမာဏမှာ စားသုံးမှုပမာဏထက် များပြားနေသဖြင့် ပြည်ပဈေးကွက်သို့ တင်ပို့ခွင့်ပြုရန်သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြတောင်းဆိုထားကြောင်းလည်း သိရသည်။
“ကျွန်တော်က ဈေးကွက်အနေနဲ့ ထိုးဖောက်နိုင်ဖို့ပဲ စဉ်းစားတာပါ။ တကယ်တမ်းက ပြည်တွင်းစားသုံးမှုလည်း လိုအပ်နေသေးတယ်။ စားသုံးမှု လိုအပ်တယ်ဆိုတာက အရေအတွက်အနေနဲ့ နည်းနေသေးတယ်။ တကယ်လို့ စားမယ်ဆိုရင် ၆ ဒသမ ၈ ကီလိုဂရမ်ထက်ပိုပြီးတော့ ၁၀ရာခိုင်နှုန်းလောက် စားနိုင်ပြီဆိုရင် နောက်ထပ် ပိုထုတ်ရတော့မယ်။ အဲဒါပိုလျှံမှ ထုတ်လုပ်ရမှာပါ။ တစ်ဦးချင်းရဲ့ ဝင်ငွေကလည်း နည်းနေသေးတယ်။ ဈေးကွက်ကျယ်ပြန့်မှုကလည်း အားနည်းနေတဲ့အတွက် လူတွေက အပြည့်အ၀ မရနိုင်သေးတာလည်းပါနိုင်တယ်”ဟု ဦးသိန်းမြင့်က ဆက်ပြောသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်နေ့လျှင် ကြက်အကောင်ရေငါးသိန်း၊ ကြက်ဥအလုံးရေ ၁၁၇ သိန်းဝန်းကျင် ထုတ်လုပ်လျက်ရှိပြီး ရန်ကုန်မြို့သုံးစွဲရန် ကြက်အကောင်ရေ နှစ်သိန်းခွဲမှသုံးသိန်းဝန်းကျင်၊ ကြက်ဥအလုံးရေ ၆၅ သိန်းဝန်းကျင် ထုတ်လုပ်ဖြန့်ဖြူးပေးနေရာမှ လက်ရှိဖြစ်ပေါ်နေသော ဆဲလ်မိုနဲလားပြဿနာကြောင့် ကြက်သား၊ ကြက်ဥရောင်းအားမှာ သုံးပုံ၊ တစ်ပုံဝန်းကျင်ခန့် ကျဆင်းခဲ့ကြောင်း သိရသည်။လက်ရှိ မြန်မာနိုင်ငံအတွင်း ကြက်များကို ဝါးခြံဖြင့် ၇၀ ရာခိုင်နှုန်း၊ သစ်သားခြံဖြင့် ၂၀ ရာခိုင်နှုန်း၊ အလုံပိတ်စနစ်ဖြင့် ငါးရာခိုင်နှုန်း၊ သဘာဝလွှတ်ကျောင်းခြင်းဖြင့် ငါးရာခိုင်နှုန်းမွေးမြူလျက်ရှိကြောင်း သိရသည်။
မှုံလေး (မြစ်မခ)မြန်မာတောင်သူကြီးများ ဂျာနယ်