မိုးအကုန်စောခဲ့သော်လည်း ပဲအထွက်ကောင်းသဖြင့် တောင်သူများအဆင်ပြေ

၂၁ ဖေဖော်ဝါရီ ၂၀၂၀ သတင်း
htwettoe

၂၀၁၉ ခုနှစ်၊ မိုးရာသီတွင် ပုံမှန်မိုးရွာသွန်းရက်ထက် တစ်လခန့်စောကာ မိုးရပ်နားခဲ့သဖြင့် မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းပဲစိုက်ခင်းများတွင် ပဲအထွက်နှုန်း ကျဆင်းမည်ကို တောင်သူများ စိုးရိမ်ခဲ့သော်လည်း ပဲထွက်ချိန်တွင် အထွက်နှုန်းကောင်းသြုဖင့် တောင်သူများ အဆင်ပြေနေကြောင်း ဒေသတွင်း ပဲစိုက်တောင်သူများထံမှ သိရသည်။ 

“ဒီနှစ် မိုးပြတ်တာစောလို့ မြေကြီးတွေ ပပ်ကြားအက်ကွဲကုန်တာ။ ပဲကိုထိခိုက်မှာ စိုးရိမ်ခဲ့ရတယ်။ ဒါပေမယ့် ဘယ်လိုဖြစ်လဲမသိဘူး။ အထိအခိုက်နည်းပြီး ပဲအထွက်ကောင်းတယ်။ ပဲခူးတာစောတဲ့သူဆို နောက်တစ်သီးလောက် စိုက်လို့ရသေးတယ်။ ခါတိုင်းက တစ်သီးပဲရတယ်။တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး။ ပဲက စိုက်ရင် ပိုးကျတာနဲ့ တခြား ပြဿနာတွေကြောင့် ကောင်းကောင်းမရဘူး။ ပဲဈေးလည်းကောင်းတယ်ပြောတယ်။ ဒီနှစ်ပေါက်ဈေးမှာ ပဲက တော်တော်များများ ခူးနေကြပြီ။ ဒီနှစ်ပဲက တော်တော်များများကောင်းကြတယ်လို့ သိရတယ်။ ကျွန်တော်တို့ထက် စောစောလုပ်တဲ့ သူတွေဆို ပဲပိုထွက်တယ်လို့ သိရတယ်။ စိုက်ပျိုးကုန်ကျစရိတ်ကလည်း ခါတိုင်းနှစ်လိုပဲ သိပ်မကွာပါဘူး။ ပဲကောင်းတော့ ကျွန်တော်တို့အတွက် နည်းနည်း အဆင်ပြေတာပေါ့”ဟု ကတိုက်ကြီးကျေးရွာနေ တောင်သူ ဦးကြီးမြင့်က ပြောသည်။ 

မိုးတွင်းကာလ ပုံမှန်မိုးရွာသွန်းရက်ထက် ဆောလျင်စွာ မိုးရပ်နားသွားသည့်အတွက် စိုက်ပျိုးမြေများတွင် မြေအစိုဓာတ် နည်းပါးသွားကာ အပင်သီး အောင်မြင်သည်အထိ အစိုဓာတ်လုံလောက်စွာ မရရှိနိုင်တော့ဘဲ အပင်များခြောက်သွေ့ကာ အာဟာရ ဓာတ်လုံလောက်စွာမရသဖြင့် အသီးအထွက်နှုန်း ကျဆင်းမည်ကို စိုးရိမ်ခဲ့ရသေးကြောင်း ၎င်းက ဆက်ပြောသည်။

သထုံမြို့နယ်တွင် ပဲတစ်ဧက စိုက်ပျိုးပါက ပိုးကျခြင်း၊ ရာသီဥတု ဖျက်ခြင်းများကြောင့် တစ်ဧကငါးတင်းခန့်သာ ထွက်ရှိပြီး ပဲတစ်တင်းလျှင် ကျပ် ၃၅၀၀၀ ဝန်းကျင်သာ ရရှိခဲ့သော်လည်း ယခုနှစ်တွင် ပဲအထွက်နှုန်းကောင်းသဖြင့် တစ်ဧက အနည်းဆုံး၁၀ တင်းခန့်ထွက်ရှိပြီး ပဲတစ်တင်းလျှင် ကျပ် ၄၀၀၀၀ ခန့် ဈေးရရှိကြောင်း တောင်သူများထံမှ သိရသည်။ သထုံမြို့နယ်မှာနှစ်စဉ် အောက်တိုဘာလ ကုန်ပိုင်းတွင် ပဲများ စတင်စိုက်ပျိုးလုပ်ကိုင်ကြပြီး ဆောင်းသီးနှံအဖြစ် မြေပဲ၊ ပဲလွမ်း၊ ဗိုလ်ကိတ်ပဲ၊ပဲတီစိမ်း၊ မတ်ပဲမျိုးများ စိုက်ပျိုးကြကြောင်း သိရသည်။ 

“ဒီနှစ်က မိုးပြတ်တာစောလို့ ပဲကို ထိခိုက်မှာ စိုးရိမ်ခဲ့ရတယ်။ အခုတော့ ပဲအခြေအနေကြည့်ရတာ ကောင်းမယ့်သဘော ရှိတယ်။ ဒီနှစ် တစ်ဧက ၁၀ တင်းဝန်းကျင်လောက်ထွက်မယ်လို့ မှန်းထားတယ်။ ပထမ ပိုးနည်းနည်းကျသေးတယ်။ ဆေးနဲ့ ထိန်းလိုက်နိုင်လို့ ပိုးသိပ်မကျလိုက်ဘူး။ ပဲကောင်းတော့ အသက်ရှူနည်းနည်းချောင်တာပေါ့”ဟု သထုံမြို့ ဒေသခံတောင်သူ ဦးစိုးသိန်းက ပြောသည်။

 သထုံဒေသထွက် ပဲမျိုးများကို ပဲခူး၊ ရန်ကုန်ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိပြီး သထုံဒေသတွင် ပဲတီစိမ်းအပြင် ပဲလွမ်း၊ မတ်ပဲများ စိုက်ပျိုးကြကြောင်း သိရသည်။သထုံမြို့နယ်အတွင်း နှစ်စဉ် ပဲစိုက် ဧက ၁၃၀၀၀ ဝန်းကျင်ရှိပြီး ပဲတင်းပေါင်းနှစ်သိန်းတစ်သောင်းခန့် ထွက်ရှိနိုင်ရန် ခန့်မှန်းထားကြောင်း သထုံမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးက သိရသည်။

အောင်မြင့်ထွန်း (မြစ်မခ)မြန်မာတောင်သူကြီးများ ဂျာနယ်